(7)Feed your passion

(၇) သင်၏ ရမ္မက်ကို လိုက်လံရှာဖွေပါ ။

ရမ္မက် နှင့် ရည်မှန်းချက်သည် granola  မနက်အစားအစာကို ထုတ်လုပ်သော ကုပ္မဏီ တစ်ခုကို ပူးတွဲ တည်ထောင်သူ၏ လက်သုံး အရည်အသွေးများ ဖြစ်သည် ။ ထိုကုပ္မဏီသည် စားသုံးသူများအတွက် လူသားချင်း စာနာသော သတင်းစကားများကို ဖော်ထုတ်ပြသ တတ်ရုံသာမက ကျန်းမာရေးနှင့် ညီညွတ်သော granola အစားအစာများကိုလည်း ထုတ်လုပ်ပေးလျှက် ရှိသည် ။

Jason Osborn ရေးသားသည် ။

Feed Granola Co. ကုပ္မဏီသည် နိုင်ငံအတွင်း ရေပန်းစားလာသည့် ကျန်းမာရေး နှင့် ညီညွတ်သော အော်ဂင်းနစ် granola များကို ထုတ်လုပ်သော ကုပ္မဏီဖြစ်သည် ။ ၎င်းကုပ္မဏီကို ပူးတွဲ တည်ထောင်သူ Jason Osborn သည် Inc magazine ၏ အသက် ၃၀ အောက် ထိပ်တန်း စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် အယောက် ၃၀ တွင် ပါဝင်ခဲ့သည် ။ Feed ကုပ္မဏီ၏ အောင်မြင်သော ကုန်အမှတ်တံဆိပ်သည် Donny Deutsch နှင့် တင်ဆက်သော CNBC ရုပ်သံလိုင်း ၏ The Big Idea တွင် ဖော်ပြခံခဲ့ရပြီး The Rachael Ray Show နှင့် New York Daily News တွင် ဖော်ပြခံခဲ့ရသည် ။

သင်၏ အသက် ၃၀ အရွယ်သို့ ရောက်ရှိလာသော အခါတွင် ကျွန်ုပ်အတွက် အသုံးဝင်ခဲ့သော နည်းဗျူဟာများကို သိရှိထားရန် လိုအပ်ပါသည် ။

– သင်၏ ရမ္မက်ကို လိုက်လံရှာဖွေပါ ။ သင် တစ်ညလုံး မအိပ်မနေ လုပ်ဆောင်ရသော မည်သည့် အလုပ်မျိုးမဆို ဖြစ်သည်။

– စိန်ခေါ်မှုကို လက်ခံပါ ။ အခက်အခဲများ ကြုံလာသောအခါ ပန်းတိုင်များ ထားရှိလုပ်ဆောင်ပါ ။

– စွန့်စားပါ ။ သင်၏ သက်တောင့်သက်သာ အနေအထားမှ ထွက်လာပါ ။

– သင်၏ ပန်းတိုင်များသို့ ရောက်ရှိနိုင်မည့် နည်းလမ်းများကို ပုံဖော်ကြည့်ပါ ။

– သင် ရယူလိုက်ပြီးသော စွန့်စားမှုများကို ကျော်လွှားနိုင်ရန် ရုန်းကန်ပါ ။ စွန့်လွှတ်ပါ။

– သင်၏ ရုတ်ချည်း အသိစိတ်များ နှင့် ဆုံးဖြတ်ချက်များအတိုင်း လုပ်ဆောင်ရန် ၀န်မလေးပါနှင့်။

– သင် အောင်မြင်မှု ရရှိပြီးသောအခါ သင်က လိုအပ်သော ကြိုးပမ်းအားထုတ်မှုများ ၊ စွန့်စားမှုများ လုပ်ဆောင်ပြီးခဲ့ပြီ ဟူသောအသိဖြင့် အားရကျေနပ်ပါ ။

ဘ၀ဆိုသည်မှာ ကောင်းသော အတွေ့အကြုံများ နှင့် မကောင်းသော အတွေ့အကြုံများ စုပေါင်းထားသော အရာတစ်ခု ဖြစ်သင့်သည်ဟု ကျွန်ုပ်ယုံကြည်ပါသည် ။ ကျွန်ုပ်သည် အသက် ၃၀ အရွယ် မတိုင်မီမှာပင် စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင် ဖြစ်လာခဲ့သည် ။ သို့သော် ကျွန်ုပ် လျှောက်လှမ်းလာခဲ့ရသော လမ်းမှာ အချိုးအကွေ့များ ၊ အပြောင်းအလဲများ နှင့် ပြည့်နှက်နေခဲ့သည် ။ ကောလိပ်မှ ဘွဲ့ရပြီးသော အခါတွင် ကျွန်ုပ်သည် နယူးယောက်မြို့ရှိ advertising agency တစ်ခုတွင် သာမန်အလုပ်တစ်ခု ရရှိခဲ့သည် ။ သို့သော် ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် တွင် အကြမ်းဖက် တိုက်ခိုက်ခံရ အပြီးတွင် ကျွန်ုပ်သည် အလုပ်လက်မဲ့ ဖြစ်သွားခဲ့ကာ အလုပ်အသစ်ကို ရှာဖွေ နေခဲ့ရသည် ။ အလုပ်အတွက် အင်တာဗျူးများ ပြုလုပ်နေစဉ်တွင် ကျွန်ုပ်သည် ယခင်က လုပ်ခဲ့သော အလုပ် နှင့် အတော်အတန် ကွဲပြားသော အလုပ်ကို ရှာဖွေလိုကြောင်း သိရှိလာခဲ့သည် ။ သို့သော် ကျွန်ုပ် ဘာလုပ်ချင်သည်ကို မသိရှိနိုင်ခဲ့ပေ ။ ကျွန်ုပ် လုပ်ဆောင်ရန် နှစ်သက်သော အရာများကို ကျွန်ုပ် သိသည် ။ သို့သော် ကျွန်ုပ် မည်သည့် အလုပ်အကိုင်ကို လုပ်ကိုင်လိုသည် ။ မည်သည့် အလုပ်အကိုင်က ကျွန်ုပ်ကို ပျော်ရွှင်စေမည်ကို မသိရှိနိုင် ဖြစ်နေသည် ။

ကျွန်ုပ်သည် မော်ဒယ် တစ်ယောက် အဖြစ်ရော စားပွဲထိုး တစ်ယောက် အဖြစ်ပါ လုပ်ကိုင်ခဲ့သည် ။ သို့သော် ထိုအလုပ် နှစ်ခုစလုံးမှာ ကျွန်ုပ် ဘ၀၏ ရမ္မက် မဟုတ်ကြောင်း သိနေခဲ့သည် ။ ကျွန်ုပ်သည် ကမ္ဘာအနှံ့ ခရီးများသွားခဲ့ပြီး စိတ်ဝင်စားစရာ ကောင်းသော လူ ရာနှင့်ချီကာ တွေ့ဆုံခဲ့ဖူးသော်လည်း ကျွန်ုပ်တွင် တစ်စုံတစ်ခု လစ်ဟင်းနေပါသည် ။ ကျွန်ုပ် လုပ်ကိုင်လိုသော အလုပ်ကို သိရှိနိုင်ရန် ကျွန်ုပ်သည် စားပွဲထိုးနေရင်း စိတ်ကူးကြည့်နေရင်း အချိန် များစွာ ကုန်ဆုံးခဲ့သည် ။ သို့သော် ကျွန်ုပ် ခံစားသိရှိသော အခါတွင်မူ အသေအချာပင် သိရှိသွားခဲ့ သည်။

ကျွန်ုပ်သည် ချက်ပြုတ်ခြင်း အလုပ်ကို လုပ်ကိုင်လိုပါသည် ။ အစားအစာမှာ ကျွန်ုပ် မိသားစု ဘ၀၏ အရေးပါသော အစိတ်အပိုင်း ဖြစ်ခဲ့သည် ။ ကျွန်ုပ်သည် ချစ်ခင်တတ်သော မိသားစုတွင် ကြီးပြင်းလာရသောကြောင့် ကံကောင်းပါသည် ။ ထိုမိသားစုမှတဆင့် ကျွန်ုပ်သည် ထုံးတမ်းစဉ်လာများ ၊ ကတိက၀တ်များ ၊ အလုပ်ကြိုးစားမှု ၊ ရိုးသားမှု နှင့် ကြံ့ခိုင်မှုတို့ကို လေ့လာသိရှိခဲ့ရသည် ။ ထိုတန်ဖိုးထားအရာများကို ကျွန်ုပ်သည် မီးဖိုချောင် စားပွဲဘေးတွင် ထိုင်နေရင်းဖြင့် လေ့လာသိရှိခဲ့ရခြင်း ဖြစ်သည် ။ အခုအချိန်တွင် ကျွန်ုပ်သည် မိဘ နှင့် အိမ်ခွဲ နေထိုင်နေပြီဖြစ်ရာ ကျွန်ုပ်ခရီးသွားလာခဲ့စဉ်က လေ့လာခဲ့သော စားသောက်ဖွယ်ရာ အရသာများကို စမ်းသပ်လေ့လာရင်း အချိန်ဖြုန်းရန် အချိန်ပိုများစွာ ရရှိလာခဲ့သည် ။ ကျွန်ုပ်သည် ချက်ပြုတ်ခြင်း အပေါ် ယခင်ကထက် ပိုမိုအချိန်ပေးလာသောအခါ တစ်နေ့တွင် ကျွန်ုပ်သည် ကော်ဖီဆိုင်လေး တစ်ခုဖွင့်ကောင်း ဖွင့်နိုင်မည်ဟု တွေးတောစပြုလာခဲ့သည် ။ ထိုသို့ဖြင့် ကျွန်ုပ်သည် အချိန်များစွာကို မီးဖိုချောင်တွင် အချိန်ဖြုန်းနိုင်မည် ဖြစ်သည် ။ ထိုစိတ်ကူးမှာ စိတ်ကူးကြည့်ရန်ပင် ခက်ခဲလွန်းနေ သည် ။ ကျွန်ုပ်သည် အိမ်ငှါးခပင် အနိုင်နိုင် ပေးနေရခြင်း ဖြစ်သည် ။

ကျွန်ုပ်သည် နယူးယောက်မြို့ West Village ရှိ ကျွန်ုပ်၏ အိမ်ခန်းတွင် ဟင်းချက်နည်း အသစ်များ ဆက်လက်စမ်းသပ်နေခဲ့ကာ ရိုးရှင်းသော အစားအစာများကို နည်းလမ်းအသစ်များဖြင့် ချက်ပြုတ်နည်းများကို ရရှိလာခဲ့သည် ။ ကျွန်ုပ်သည် ကျွန်ုပ် စားသောက်လိုသော အရာများကို ချက်ပြုတ်ခဲ့သည် ။ ကျွန်ုပ် စားသောက်လိုသည့် အစားအသောက် တစ်ခုမှာ မနက်စာ ကွေကာ granola ပင် ဖြစ်သည် ။ ၎င်းကို ကျွန်ုပ် ကိုယ်တိုင် ပြုလုပ်နိုင်မည်လော ။ ကျွန်ုပ် စားသောက်နေကျ cereal ကွေကာများထက် ပိုမိုအာဟာရ ပြည့်ဝအောင် လုပ်ဆောင်နိုင်မည်လော ။ ၎င်းတို့ကို ပိုမိုအရသာ ကောင်းအောင် ပြုလုပ်နိုင်မည်လော ။

ကျွန်ုပ်၏ ပထမဆုံးသော granola နှစ်ပေါင်ခန့်ကို ပြုလုပ်ပြီးသောအခါ ကျွန်ုပ်သည် ၎င်းတို့ကို ခရားခွက်များ နှင့် ထုပ်ပိုးပြီး အားလပ်ရက် လက်ဆောင်အဖြစ် လိုက်လံဝေငှခဲ့သည် ။ ကျွန်ုပ်သည် လွန်စွာဂုဏ်ယူမိသည် ။ ကျွန်ုပ် ပြုလုပ်လိုက်သော တစ်စုံတစ်ခုမှာ ကျွန်ုပ်ကို ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုများ ပေးနိုင်ခဲ့သည် ။ ၎င်းမှာ ထူးခြားသည် ။ ၎င်းမှာ အလွန်ပျော်ရွှင်ဖွယ် ကောင်းသည် ။ ကျွန်ုပ်သည် ကျွန်ုပ်၏ ရမ္မက်ကို ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သည် ။ ကျွန်ုပ်သည် ထိုမျှော်လင့်ချက်  အလင်းတန်းလေးကို ရရှိသွားခဲ့သည် ။ ၎င်းမှာ granola ချည်းသက်သက် မဟုတ်ပေ ။ ကျွန်ုပ်၏ ချက်ပြုတ်နည်းချည်း သက်သက်လည်း မဟုတ်ပေ ။ ၎င်းမှာ granola က ကိုယ်စားပြုသော အရာများသာ ဖြစ်သည် ။ ၎င်းမှာ တီထွင်နိုင်စွမ်း ဖြစ်သည် ။ အနုပညာ လက်ရာ ဖြစ်သည် ။ ပျော်ရွှင်မှု ဖြစ်သည် ။ ကျွန်ုပ်သည် ထူးခြားသော အရာတစ်ခုကို ရှာဖွေတွေ့ရှိ သွားခဲ့ပြီ ။ ကျွန်ုပ်၏ အလုပ်အကိုင်ကို ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သည် ။

ကျွန်ုပ်၏ အခန်းဖော်ဖြစ်ပြီး ယခုဆိုလျှင် ကျွန်ုပ်၏ စီးပွားရေး မိတ်ဖက်တစ်ဦးဖြစ်သော Jason Wright နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အိမ်ခန်း မီးဖိုချောင်တွင် granola များကို လုပ်ကာ အိမ်နီးနားချင်းများ ၊ မိတ်ဆွေများထံ ဝေမျှသည် ။ ကျွန်ုပ်တို့ထံတွင် ၀ယ်လိုအားများ တိုးလာသဖြင့် ကျွန်ုပ်တို့သည် နေ့ဘက်တွင် တစ်နေကုန် အလုပ်လုပ်ကာ ကျွန်ုပ်တို့ ငှါးထားသော စီးပွားဖြစ် မီးဖိုခန်းလေးထဲတွင် မနက် နှစ်နာရီအထိ granola များကို ပြုလုပ်ခဲ့ကြသည် ။ ကျွန်ုပ်တို့အတွက် အကြီးမားဆုံး စိန်ခေါ်မှု တစ်ခုမှာ ထိုသို့ မနက်နှစ်နာရီခန့်တွင် granola များ အပြည့်ပါသော ပေါင် ၅၀ လေးသည့် သေတ္တာကြီးများဖြင့် နယူးယောက်မြို့မှ တက္ကစီကို ငှါးစီးရခြင်းသာ ဖြစ်သည် ။ ကျွန်ုပ်တို့သည် စီးပွားရေး လုပ်ငန်းတစ်ခုကို မည်သို့ စတင်ရမည်ကိုလည်း မသိရှိခဲ့ပေ ။  စားသောက်ကုန် ထုတ်လုပ်ရေး လုပ်ငန်းအကြောင်းလည်း ဘာမျှ မသိရှိခဲ့ကြပေ ။ ကျွန်ုပ်တို့တွင် စုဆောင်းထားသော ငွေမှာလည်း အနည်းငယ်မျှသာ ရှိသည် ။ သို့သော် ကျွန်ုပ်တို့ သိရှိပြီး သဘောတူထားသည်မှာ ၎င်းကို ကျွန်ုပ်တို့ လုပ်ဆောင်ရန် ဆန္ဒပြင်းပြနေလျှင် ကျွန်ုပ်တို့ လုပ်ဆောင်နိုင်မည်ဟူ၍သာ ဖြစ်သည် ။ ၎င်းမှာ ကျွန်ုပ် လုပ်ဆောင်ချင်သော ၊ လုပ်ဆောင်ရန် လိုအပ်သော အရာတစ်ခုဖြစ်မှန်း ကျွန်ုပ်ကောင်းကောင်းသိပါသည် ။

FEED Granola Co. ကုပ္မဏီကို ၂၀၀၄ ခုနှစ် နွေရာသီတွင် စတင်မွေးဖွားခဲ့သည် ။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဘ၀နေမှုပုံစံများကို ပြောင်းလဲပစ်ခဲ့သည် ။ ကျွန်ုပ်တို့၏ မိသားစုများ ၊ မိတ်ဆွေများ နှင့် နေထိုင်သော အချိန်များကို စွန့်လွှတ်ခဲ့ရသည် ။ ညအချိန်များတွင် အိပ်ရေးပျက်ခဲ့သည် ။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ပြိုင်ဘက်များထက် ပိုမို ကြိုးကြိုးစားစား အလုပ်လုပ်ပါက အောင်မြင်မည်ဟူသော အမြင်ကို လက်ကိုင်ထားခဲ့သည် ။ မအောင်မြင်နိုင်ဟူသော အတွေးမှာ အဖြေမဟုတ်ဘဲ ယုံကြည်လျှင် အောင်မြင်မည်ဟူသည်သာ ကျွန်ုပ်တို့၏ အဖြေ ဖြစ်ခဲ့သည်။ FEED နှင့် ပတ်သက်သော အရာရာတိုင်းကို ကျွန်ုပ်တို့ ယုံကြည်ခဲ့သည် ။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ထုတ်ကုန်ကို အသက်ရှင်သန်စေသည် ။ အသက်ရှူစေသည် ။ ထို့ပြင် ၎င်းကို တစ်နေ့လျှင် ၆ ကြိမ်ခန့် စားသုံးပါသည် ။ ကျွန်ုပ်တို့သည် FEED Granola Co. ကုပ္မဏီက ကိုယ်စားပြုသော အရာများ ဖြစ်လာသည် ။ ကျွန်ုပ်တို့ ကုပ္မဏီက ကိုယ်စားပြုသည်မှာ ရိုးသားသည်။ ရိုးရှင်းသည် ၊ ယုံကြည်သည် ဟူ၍ဖြစ်သည် ။ ကျွန်ုပ်တို့ လုပ်ဆောင်ရမည် ဆိုသည်ကိုသာ ကျွန်ုပ်တို့ တွေးတောခဲ့ကြသည် ။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်ရှိ ကုန်တိုက်တစ်ခုသို့ စတင်ရောင်းချခဲ့သည် ။ ထို့နောက် နှစ်ခု ၊ ထို့နောက် သုံးခု ၊ ထို့နောက် ဆယ်ခုသို့ ရောင်းချခဲ့သည် ။ ကျွန်ုပ်တို့သည် မည်သို့လုပ်ဆောင်ရမည် တွေးတောခဲ့သည် ။ ကျွန်ုပ်တို့သည် အမှားများကို ပြုလုပ်ခဲ့သည် ။ ကျွန်ုပ်တို့သည် ပြိုလဲခဲ့သည် ။ ထို့နောက်တွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ခြေထောက်ပေါ် ပြန်ရပ်နိုင်ခြင်းဖြင့် တခြားသူများကို ယုံကြည်လာစေခဲ့သည် ။ ကျွန်ုပ်တို့သည် ရည်မှန်းချက်များကို ချမှတ်ခဲ့သည် ။ ထို့နောက် အောင်မြင်ခဲ့သည် ။ ထို့နောက် ရည်မှန်းချက် အသစ်များ ထပ်မံ ချမှတ်ခဲ့သည် ။ ကျွန်ုပ်တို့သည် နောက်ပြန်မလှည့်ဘဲ ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည် ။ ကျွန်ုပ်တို့သည် ရှေ့ကိုသာ ဆက်သွားခဲ့သည် ။ ဆက်လက်တိုးတက် အောင်မြင်ခဲ့သည် ။ အရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက် အောင်မြင်ခဲ့သည် ။ ထိုသို့ လုပ်ဆောင်ခဲ့ခြင်းများကြောင့် ၂၀၀၆ ခုနှစ် အောက်တိုဘာလတွင် FEED အမှတ်တံဆိပ်ကို တရားဝင် ထူထောင်နိုင်ခဲ့သည် ။ ယခုတွင် FEED အမှတ်တံဆိပ်ကို နိုင်ငံတွင်း အနှံ့အပြားတွင် ရရှိနိုင်နေပြီ ဖြစ်ပြီး နေ့စဉ် နှင့် အမျှလည်း ကြီထွားလာလျှက်ရှိသည် ။ ကျွန်ုပ်တို့၏ ရှေ့တွင် ကောင်းသော အရာများအပြင် ဆိုးသော အရာများ နှင့် ပြည့်နေသော လမ်းရှည်ကြီးတစ်ခု ရှိသည် ။ သို့သော် ကျွန်ုပ်တို့သည် ထိုကဲ့သို့သော အချိန်တိုင်းကို မျှော်မှန်းလျှက် ရှိသည် ။

FEED  Granola Company ၏ ဖြစ်တည်မှုတွင် ဦးဆောင်အခန်းကဏ္ဍ မှ အသက် ၃၀ မတိုင်မီတွင် ပါဝင်နိုင်ခဲ့ခြင်းမှာ ကျွန်ုပ်အတွက် ကြီးမားသော အတွေ့အကြုံ တစ်ခုဖြစ်သည် ။ ကျွန်ုပ်သည်လည်း စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အဖြစ် ရင့်ကျက်ဖွံ့ဖြိုးလာခဲ့သည် ။ အထူးသဖြင့် သားတစ်ယောက် ၊ ညီအစ်ကို တစ်ယောက် ၊ မိတ်ဆွေတစ်ယောက် အနေဖြင့် ရင့်ကျက် ဖွံ့ဖြိုးလာခဲ့သည် ။ ကျွန်ုပ်၏ ဦးစားပေး အရာများကိုလည်း များစွာ အကျိုးသက်ရောက်ခဲ့သည် ။ ထိုသို့ဖြင့် ကျွန်ုပ်သည် ပိုမိုကောင်းမွန်သော ရွေးချယ်မှုများကို လုပ်ဆောင်လာနိုင်ခဲ့သည် ။ ကျွန်ုပ်၏ ကိုယ့်ကိုယ်ကို ယုံကြည်မှုသည်လည်း တိုးပွားလာခဲ့သည် ။ ထိုသို့ဖြင့် ကျွန်ုပ်၏ ဆုံးဖြတ်ချက်များ အပေါ် ဂုဏ်ယူလာနိုင်ခဲ့သည် ။ ကျွန်ုပ်၏ ရုတ်ချည်းအသိစိတ်သည်လည်း ထက်မြက်လာခဲ့သည် ။ ထိုသို့ဖြင့် ကျွန်ုပ်၏  ဆုံးဖြတ်ချက်များကို အမြော်အမြင်ရှိစွာ ချမှတ်နိုင်ခဲ့သည် ။ တခြားသူများ ပျော်ရွှင်ခံစားနိုင်မည့် ထူးခြားသော တစ်စုံတစ်ခုကို ဖန်တီးပေးနိုင်ခြင်းတွင် အားအင်ပြည့်ဝစေသော အချက်များရှိသည် ။ ထိုသို့ ဖန်တီးနိုင်စေရန် လိုအပ်သော အရာများကို သိရှိခြင်းတွင်မူ ပိုမို အားအင်ပြည့်ဝစေသော အချက်များရှိသည် ။ ထို့ကြောင့် သင်၏ ရမ္မက်ကို ရှာဖွေပါ ။ ထို့နောက် သင့်ကိုယ်သင် စိန်ခေါ်ပါ ။ စွန့်စားပါ ။ နည်းလမ်းရှာပါ ။

FEED သည် ကျွန်ုပ်၏ ရမ္မက်သာ ဖြစ်ပါသည် ။ ကျွန်ုပ်သည် FEED အတွက် အလုပ်လုပ် သွားမည် ဖြစ်သည် ။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။