(3)Turn your spirit inside out

( ၃ )

သင်၏ စိတ်ဝိဥာဉ်ကို ပြောင်းပြန်ပြောင်းလဲပစ်ပါ

Trading Spaces တီဗွီ design – reality show ၏ အစီအစဉ်တင်ဆက်သူ Paige Davis သည် သင်အသက် (၃၀) ရောက်ရှိလာပါက လူ့အဖွဲ့အစည်းအတွက် အာရုံပေးရန် အချိန်ဖြစ်သည်ဟု ဆိုသည် ။ အပြင်ဘက်ကို ကြည့်ပါ ။ သင့်ဘေးပတ်လည်ရှိ လူများကိုကြည့်ပါ ။ ၎င်းတို့အပေါ် သင်မည်သို့ ကောင်းကျိုးပေးနိုင်မည်ကို ရှာဖွေပါ ။

Paige Davis ရေးသားသည် ။

Paige Davis သည် ရုပ်သံ Design – reality show အစီအစဉ်ဖြစ်သော Trading Spaces ကို တင်ဆက်သော နာမည်ကျော်စတား တစ်ဦးဖြစ်သည် ။ သူမ၏ စာအုပ်ဖြစ်သော Paige by Paige – A Year of Trading Spaces သည် New York Times ၏ အရောင်းရဆုံး စာအုပ် သတ်မှတ်ချက်စာရင်း၏ ထိပ်ဆုံးတွင် ပါဝင်ခဲ့သည် ။ သူမသည် Broadway ပြဇာတ်ရုံတွင် နာမည်ကြီး Chicago တေးဂီတပွဲတွင်လည်း ပါဝင်ခဲ့သည် ။

အသက် (၃၀) အရွယ်ရောက်လာလျှင် ဘာလုပ်ရမည်နည်း ဟူသော အကြာင်းအရာ နှင့် ပတ်သက်ပြီး ကျွန်မကိုစာတမ်း တစ်ပုဒ်ရေးပေးရန် ခိုင်းလာသောအခါ ကျွန်မ ပထမဆုံး တွေးမိသော အတွေးမှာ ၎င်းနှင့် ပတ်သက်၍ ကျွန်မပြောမည့် အကြောင်းအရာများကို မည်သူကများ အရေးတယူလုပ် နားထောင်မည်နည်း ဟူသော အချက်နှင့် ဒုတိယ အချက်တစ်ခုမှာ အပေအတေမလေး ၊ ညည်း အခုထိ ညည်းဘ၀ရဲ့ တန်ဖိုးနဲ့ အဓိပ္ပါယ်ကို မရှာတွေ့သေးဘူးလားဟု မိမိကိုယ်ကိုယ် ရေရွတ်မိသည် သာတည်း ။ ဟုတ်ပါသည် ။ သင် ၏ အသက် (၃၀) အရွယ်တွင် သင်သည် သင်မည်သူမည်ဝါ ဖြစ်သည်။ သင်မည်သည်ကို တွေးသည်။ သင် မည်သည့် အရာကို ပေးနိုင်စွမ်းရှိသည် မသိရှိနိုင်သေးပါက အသက် (၂၀) ကျော်အရွယ် ကြိုးစားရုန်းကန် ခဲ့ရသည်မှာ အချည်းနှီးသာ ဖြစ်လိမ့်မည် ။

ကျွန်မသည် ကျွန်မ၏ အသက် (၂၀) ကျော် အရွယ်များကို ကျွန်မ မည်သူမည်ဝါ ဖြစ်သည်ကို ရှာဖွေရင်း ကုန်လွန်စေခဲ့ပါသည် ။ ကျွန်မ၏ မိဘများ ၊ ဆရာများနှင့် တန်းတူရွယ်တူများ အားလုံး နှစ်သက်စေရန်သာ ရုန်းကန်ခဲ့သည် ။ ကျွန်မသည် ကြိုတင် သတ်မှတ်ထားသော ပုံစံခွက်ထဲ ၀င်ဆံ့ခြင်းဖြင့် ကျွန်မ မည်သူမည်ဝါ ဖြစ်သည်ကို ရှာဖွေတွေ့ရှိ နိုင်မည်ဟုထင်ခဲ့သည် ။ ကျွန်မ၏ ဦးနှောက်ထဲတွင် တည်ဆောက်ထားသော ပုံစံခွက် မဟုတ်သလို မည်သူကမျှလည်း ကျွန်မအတွက် ချမှတ်ထားသော ပုံစံခွက်တစ်ခု မဟုတ်ပေ ။ ကျွန်မ ပြင်ပရင်းမြစ်များ၏ အတည်ပြုမှု ၊ ထောက်ခံမှုများကိုသာ ကြိုးပမ်းရှာဖွေခဲ့မိသည် ။

ကျွန်မသည် ကံကြမ္မာများ ၊ လာဘ်ကောင်းမှုများ အကြောင်းကို ကောင်းကောင်းမသိပါ ။ သို့သော် ကောင်းချီးပေးခံရမှု အကြောင်းတော့ သိပါသည် ။ Trading Spaces တွင် ကျွန်မ အလုပ်လုပ်ခဲ့သော အချိန်ကာလများက ကျွန်မ၏ (၃၀) ကျော်အရွယ် နှင့် တိုက်ဆိုင်ခဲ့သည်မှာ ကောင်းချီးပေးမှုတစ်ခု ဖြစ်သည် ။ ဤ reality show တွင် ဇာတ်ညွှန်းပြောစကားများ ကြိုတင်ပေးမထားဘဲ တင်ဆက်ရ၍ ကျွန်မသည် မိမိကိုယ်ကိုယ်သာ အားကိုးအားထား ပြုရပါတော့သည် ။ ထို့နောက် show ပွဲတွင် ဟန်ဆောင် ပန်ဆောင်မှုများ ဖယ်ကာ အရှိကို အရှိအတိုင်း တင်ဆက်လာနိုင်သော အခါတွင်မူ ကျွန်မ၏ အသက်မွေး အလုပ်မှာတဟုန်ထိုး တိုးတက်ခဲ့ပါသည် ။ ကျွန်မသည် ကျွန်မ၏ အိပ်မက်ထဲက အမျိုးသားတစ်ဦး နှင့် လက်ထပ်ခဲ့ရသည် ။ ငွေရေးကြေးရေးများလည်း အဆင်ပြေခဲ့သည် ။ အများတကာ၏ အတည်ပြုချက်များ နှင့် ပတ်သက်လျှင်တော့ဖြင့် ကျွန်မသည် အများသူငှါ လက်ခံဖို့သာ ကြိုးစား ရန် မလိုအပ်တော့ပေ ။ ဤအချက်ကပဲ ကျွန်မ၏ စိတ်တွင်းထဲကို ကျွန်မကြည့်ရှုနိုင်လာစေကာ ကမ္ဘာကြီးကို ကျွန်မဘာ ပြန်ပေးနိုင်သည်ကို ရှာဖွေတွေ့ ရှိလာစေခဲ့ပါသည် ။

ကျွန်မ၏ အသက် (၂၀) ကျော် ကာလများကလည်း သူ့အတိုင်း ရှိနေခဲ့ပါသည် ။ သို့သော် ထိုနှစ်များနှင့် ပတ်သက်ပြီး ကျွန်မလွမ်းမော တမ်းတခြင်း မရှိသည်မှာ ထိုအချိန်များတွင် ကျွန်မသည် မိမိအတွက်သာ အာရုံထားခဲ့ခြင်းကိုပင် ဖြစ်သည် ။ ကျွန်မ၏ အသက် (၃၀) ကျော် အရွယ်သည် ကျွန်မအား ကမ္ဘာကြီးပေါ်တွင် ကျွန်မ မည်သည့်နေရာ၌ အံဝင်ခွင်ကျဖြစ်မည်ကို ရှာဖွေတွေ့ ရှိစေခဲ့သည် ။ ထိုနေရာတွင် ချိုမြသော ၀ိရောဓိတစ်ခု တည်ရှိနေသည် ။ ကျွန်မသည် ကျွန်မ၏ အပြင်ဘက်မှ လူများကို ကြည့်ရှုခြင်း မရှိတော့သော်လည်း ကျွန်မဘ၀၏ အပြင်ဘက်ရှိ ကမ္ဘာကြီးတွင် မည်သည်တို့ လိုအပ်နေသည်ကို ကြည့်ရှုလာနိုင်ခဲ့သည် ။

ကျွန်မသည် ကျွန်မဘေးမှ လူ့အဖွဲ့အစည်း အကြောင်းမတွေးဘဲ လမ်းမပေါ် ဖြတ်လျှောက်မသွားနိုင် သလောက်ဖြစ်သည် ။ ကျွန်မသည် ယခင်ကထက် ပိုပြီး ကျွန်မ ပတ်ဝန်းကျင်မှ လူများနှင့် ဆက်သွယ်ရန် လိုအပ်ချက်ကို ပိုမိုသိရှိ လာရသည် ။ သားသတ်သမား ဖြစ်စေ ၊ အခြောက်သန့်စင်သမား ဖြစ်စေ ၊ ကုန်ခြောက်ဆိုင်ရှင်ဖြစ်စေ ဖြစ်သည်။ ကျွန်မသည် လမ်းမပေါ်မှ အိုးအိမ်မဲ့များ အကြောင်းပင် ပိုမိုသိရှိလာသည် ။ ကျွန်မသည် လူ့အဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ရန် လိုအပ်ချက်ကို ခံစားရသည် ။ ကျွန်မ၏ ကျဉ်းမြောင်းသော အမြင်ကို စွန့်လွှတ်လိုသည် ။ ကျွန်မပတ်ဝန်းကျင်မှ လူများနှင့် ပိုမိုထည်ဝါသော နည်းလမ်းများဖြင့် ဆက်သွယ်လိုသည် ။ ကျွန်မ၏ အသက် (၃၀) ကျော်အရွယ်သည် ကျွန်မ၏ အတ္တကို ကျော်လွှားပြီး တခြားလူများအပေါ် ပိုမိုအာရုံစိုက်ရမည့် အချိန်ဖြစ်ခဲ့သည် ။

တစ်နေ့ ကျွန်မမြေအောက်ရထား လမ်းမပေါ်တွင် ၀မ်းနည်းဖွယ်အရာ အဖြစ်အပျက်တစ်ခု နှင့် ကြုံခဲ့ရသည် ။ အိုးအိမ်မဲ့ မိခင်တစ်ဦး နှင့် သူမ၏ ကလေးသည် လမ်းပေါ်မှ တစ်စုံတစ်ယောက် ပစ်ချသွားသော Mc Donald မုန့်ထုတ်ကို ကောက်ယူကာ ၎င်းတို့၏ အိတ်ထဲထည့်နေသည်ကို တွေ့ခဲ့ရခြင်း ဖြစ်သည် ။ သူတို့သည် မုန့်ကို နောင်တစ်ချိန်တွင် စားရန် စုဆောင်းသိမ်းဆည်း ထားခြင်းဖြစ်သည် ။ ထိုစက္ကန့်လေး အတွင်းမှာပဲ ကျွန်မသည် အိုးအိမ်မဲ့တွေအကြောင်း ပါးစပ်ကသာ ပြောနေပြီး  နိုင်ငံ၏ ငတ်မွတ်ခေါင်းပါးမှု အကြောင်းကို ပြောနေ၍သာ မရနိုင်တော့ကြောင်း သိရှိသွားခဲ့သည် ။ ကျွန်မသည် တစ်ခုခု လုပ်ရတော့မည်ဖြစ်ကြောင်း သိရှိခဲ့သည် ။ ကျွန်မသည် အိုးအိမ်မဲ့များကို အစားအစာ ကျွေးမွေးရာ စခန်းများကို လိုက်လံ ရှာဖွေခဲ့သည် ။ ကျွန်မတို့၏ တိုက်တန်းတွင် အိုးအိမ်မဲ့ အဆာရေဆာ လှူဒါန်းစခန်း တစ်ခုကိုသာ ရှာဖွေတွေ့ရှိခဲ့သည် ။ ကျွန်မသည် ချက်ချင်းပင် ထိုစခန်း၌ လုပ်အားပေး ၀င်လုပ်ခဲ့သည် ။ စနေနေ့ မနက်များတွင် ထိုစခန်း၌ သွားရောက် လုပ်အားပေးခြင်းဖြင့် ကျွန်မ၏ ပတ်ဝန်းကျင်မှ လူ့အဖွဲ့အစည်းများ နှင့် အသားကျသွားခဲ့သည် ။

ကျွန်မသည် အိုးအိမ်မဲ့များ နှင့် အဆာငတ်မွတ်နေသူများကို အကူအညီပေးသော တခြားအဖွဲ့အစည်းများ ၊ အလှူအဖွဲ့အစည်းများတွင်လည်း အချိန်ပေး လုပ်ကိုင်ခဲ့သည် ။ ကျွန်မ အနှစ်သက်ဆုံး အစီအစဉ်တစ်ခုမှာ ကျောပိုးအိတ်စစ်ဆင်ရေး ဟုခေါ်ဆိုသော Volunteers of America အဖွဲ့ မှ လုပ်ဆောင်သည့် အစီအစဉ်ဖြစ်သည် ။ ကျွန်မ၏ အိမ်နီးချင်း တစ်ဦးက ထို VOA အဖွဲ့တွင် လုပ်ကိုင်သူဖြစ်ပြီး သူမကြောင့် ကျွန်မထိုအလှူအဖွဲ့ နှင့် အဆက်အသွယ် ရခဲ့ခြင်း ဖြစ်သည် ။  ၎င်းမှာ ကျောင်းသုံးပစ္စည်းများကို ကျောပိုးအိတ်လေးများထဲ ထည့်ပြီး ကျောင်းစာသင်နှစ် အစအတွက် ပြင်ဆင်စရာများ လိုနေသည့် အိုးအိမ်မဲ့ ကလေးများကို ဝေပေးခြင်းဖြစ်သည် ။ ၎င်းတို့သည် ထိုကျောပိုးအိတ်လေးများကို မရရှိပါက ကျောင်းတက်သည့် ပထမဆုံးနေ့တွင် ရှက်စရာ အဖြစ်အပျက်များ ၊ အနေရခက်သော အဖြစ်အပျက်များနှင့် ကြုံရနိုင်သည် ။ သူမက နယူးယောက်မြို့တွင် ကျောင်းနေသည့် အရွယ် အိုးအိမ်မဲ့ ကလေး ၁၁၀၀၀ ခန့်ရှိသည် ဟုပြောပြသောအခါတွင်မူ ကျွန်မသည် ကျွန်မ၏ အသေးအဖွဲ ကိုယ်ပိုင်ပြဿနာလေးများကိုသာ စိုးရိမ်ပူပန် မနေနိုင်တော့ပေ ။ ကျွန်မကလေးယူရန် အတွက်ကိုပင် ထိုအချက်က တွန်းအားပေးခဲ့သည် ဟုထင်မိပါသည် ။ ကျွန်မကိုသိပြီးသော လူတိုင်းသည် ထိုစကား ကျွန်မပါးစပ်က ထွက်လာသည်ကို အံသြနေကြမည်။ ကျွန်မသည် ဘယ်တုန်းကမျှ ကလေးမလိုချင်ခဲ့ပေ ။ အမှန်မှာမူ ကျွန်မသည် ကျွန်မ၏ မိဘများ နှင့် မိတ်ဆွေသူငယ်ချင်းများ အားလုံးကို ကလေးယူခြင်းမှာ ကျွန်မ နောက်ဆုံးစဉ်းစားမည့် အလုပ်မျှသာ ဖြစ်သည်ဟု ကြေညာထားခဲ့ခြင်း ဖြစ်သည် ။ သို့သော် မကြာသေးမီက ၎င်းမှာ ပြောင်းလဲသွားခဲ့ပါပြီ ။

ကျွန်မ၏ အသက် (၃၀) ကျော်အရွယ် အစောပိုင်းတွင်ပင် ကျွန်မ အာရုံထားခဲ့သည်မှာ အသက်မွေးအလုပ် ၊ ငွေ ၊ အောင်မြင်မှု နှင့် ကျွန်မ ခင်ပွန်း Patrick တို့မျှသာ ဖြစ်ခဲ့သည် ။ လူအများအပြားက ကလေးမွေးဖွားပြီး မိဘ တစ်ယောက်ဖြစ်ရခြင်းကို အကောင်းဘက်ကသာ မြင်ကြသော်လည်း ၎င်းတွင် အပြောင်းအလဲများလည်း အများအပြား ဖြစ်လာရမည်ဟု ပြောကြား ထားကြပါသည် ။ Patrick နှင့် ကျွန်မသည် အလွန်ကို ပျော်ခဲ့ရသည် ။ ကျွန်မတို့သည် ထိုအခြေအနေမှ ဘာကိုမျှ မပြောင်းလဲလိုပေ ။ ယခင်ကတည်းက ရှိပြီးသားအတိုင်း ဖြစ်နေခြင်း ကပဲ ကျွန်မတို့အတွက် ကောင်းနေပါသည် ။ သို့သော် ကျွန်မ၏ အသက်မွေးဝမ်းကျောင်း အလုပ်တွင် အခက်အခဲများ တွေ့ရှိလာရပြီး စိတ်ပျက်ရသည့်အခါတိုင်း ထိုအခက်အခဲထက် ကျွန်မကို ပိုမို စိတ်ပျက်စေသည်မှာ ထိုအခက်အခက်များ နှင့် လုံးပမ်းရင်း ကုန်လွန်သွားသော စွမ်းအား နှင့် အချိန်များသာဖြစ်သည် ။ ကျွန်မ နာကျင်စွာ သိလာရသော အရာများမှာ အသက်မွေးအလုပ်များနှင့် အောင်မြင်မှုများသည် ကျွန်မစိတ်ထဲတွင် ကျွန်မရှိစေလိုသော အရာများ မဟုတ်တော့ကြောင်း သိလာရခြင်း ဖြစ်သည် ။ ထိုသို့ဘာမျှ စိုးရိမ်ပူပန်စရာ ကိစ္စရပ် မဟုတ်သည်ကို လွန်စွာစိုးရိမ်ပူပန် ရခြင်းလည်း မဖြစ်လိုပေ ။ ဟုတ်ပါသည် ကျွန်မ၏ အသက်မွေး အလုပ်သည် ကမ္ဘာကြီးအတွက် အသာထားနှင့်ဦး ၊ ကျွန်မဘ၀ အတွက်ပါ အရေးပါဆုံးအရာ မဟုတ်ကြောင်းပင် ။ Patrick နှင့် ကျွန်မတို့ အတူတကွ ပိုင်ဆိုင်ထားသော ချစ်ခြင်းမေတ္တာကို မိန်းခလေးဖြစ်စေ ၊ ယောက်ျားလေး ဖြစ်စေ ကလေးတစ်ယောက်ကို လက်ဆင့်ကမ်း လိုသည် ။ သူတို့သည် သူတို့၏ အိပ်မက်များ နောက်ကိုလိုက်နိုင်စေရန် သူတို့၏ တပ်မက်မှု နှင့် မိမိ ကိုယ်ကိုယ်ရှာဖွေ တွေ့ရှိနိုင်စေရန်ဖြစ်သည် ။ ကလေးတစ်ယောက်ကို မွေးဖွားပြုစုပျိုးထောင် ရခြင်းသည် ကမ္ဘာကြီးကို တစ်ခုခု ပြန်လည်ပေးဆပ်သည့် တခြားနည်းလမ်း တစ်ခု ဖြစ်နိုင်သည် ဟုတွေးမိသည် ။ ထိုသို့ပြော၍ ထူးဆန်းသွားသည်လော ။ ထိုသို့ပြောဆိုရန် ကျွန်မ ထိရောက်သော စကားလုံး မသုံးတတ်၍ ဖြစ်နိုင်သည် ။ သို့သော် ကျွန်မ ဘာဆိုလိုသည်ကို သင်သိနိုင်မည်ဟု မျှော်လင့်ပါသည် ။

ကျွန်မ ဤစာတမ်းတွင် ဆန့်ကျင်ဘက်များ အတော်များများ ရေးသားခဲ့ ပုံပေါက်နေပြီ ဖြစ်သည် ။ မိမိစိတ်တွင်းကိုပဲ ကြည့်ပါ ။ မိမိ အပြင်ဘက်မှ လူများကို ကြည့်ပါ ။ မိမိ၏ အကျိုးစီးပွားကိုသာ ကြည့်ရှုပါ ။ သူတပါးအပေါ် အာရုံထားပါ စသည်ဖြင့် ဖြစ်သည် ။ ကျွန်မ ယ္ခုလို ပြောရသည်မှာ ၎င်းအချက်များနှင့် ပတ်သက်ပြီး ကျွန်မ စိတ်ထဲ ပိုင်နိုင်စွာတွေးတော မထားနိုင်သေး၍လည်း ဖြစ်နိုင်သည် ။ သို့မဟုတ် ထိုအချက်များ အားလုံးသည် တစ်ခုနှင့် တစ်ခု ဆက်စပ်နေ၍လည်း ဖြစ်နိုင်သည် ။ သင်ခန်းစာ ဆိုသည်မှာ လှိုင်းတံပိုးများ အသွင်နှင့် ရောက်ရှိလာတတ်သည် ။ လူတို့ဘ၀ သံသရာခရီးကို သွားနေစဉ်တွင် ၎င်းတို့သည် မတူညီ ကွဲပြားသော အရာများကို ရှာဖွေတွေ့ရှိရနိုင်သည် ။ သို့သော် ပျော်ရွှင်မှု၏ သော့ချက်မှာ သင်၏ တန်ဖိုးကို သင်လေ့လာသင်ယူခြင်း အပေါ်တွင် တည်ပါသည် ။ ထို့နောက် ထိုသင်ခန်းစာများကို သင်တစ်ဦးတည်းအတွက် သိမ်းဆည်း မထားရန်ဖြစ်သည် ။ ထို့ကြောင့် ယ္ခုပင် အပြင်ထွက်ပြီး လုပ်အားပေးလိုက်ပါ ။ ပထမဆုံး သင်ဖြစ်နိုင်သမျှ အရာများ အားလုံး သင်ဖြစ်နိုင်ရန် လုပ်အားပေးလိုက်ပါ ။ ထို့နောက် သင်ရရှိလာသော အရာများကို သူတပါးကို မျှဝေခြင်းဖြင့် လုပ်အားပေးပါ ။ ဤ နေရာတွင် လျှို့ဝှက်ချက်လေး တစ်ခုရှိပါသည် ။ ထိုသို့ လုပ်အားပေးပါက သင်သည် နောက်ဆုံးတွင် ကမ္ဘာပေါ်မှ ကြွယ်ဝချမ်းသာမှု အားလုံးကို ရရှိနေသူဖြစ်ကြောင်း သင်တွေ့ရှိလာရမည် ။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။