(5)Question assumptions

(၅) ယူဆချက်များကို မေးခွန်းထုတ်ပါ။

အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်သည့် The 4-Hour Workweek စာအုပ်ကို ရေးသားခဲ့သူ သည် လူတို့ကို အလုပ်နည်းနည်းသာ လုပ်ကြစေရန် ၊ မိမိပျော်ရွှင်သလိုသာ နေထိုင်ရန် နှင့် မိမိစိတ်ကြိုက်ဘ၀ နေမှုပုံစံကို တည်ဆောက်ကာ မိမိ၏ ရည်ရွယ်ချက်ကို အမိအရ ဖမ်းဆုပ်နိုင်ရန် တွန်းအားပေးထားသည် ။ ထိုသို့ လုပ်ဆောင်ရာတွင် ရှေးရိုးစဉ်လာ ရရှိလာသော အမြော်အမြင်များကို မလိုက်နာဘဲ မိမိကိုယ်ပိုင် အသွင်ဖြင့်သာ လုပ်ဆောင်ရန် တိုက်တွန်းထားသည် ။

Timothy Ferriss ရေးသားသည် ။

Timothy Ferriss သည် Fast Company ၏ ၂၀၀၇ ခုနှစ်အတွက် တီထွင် ဖန်တီးနိုင်စွမ်း အရှိဆုံး စီးပွားရေး လုပ်ငန်းရှင် တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည် ။ ထို့ပြင် Timothy Ferriss သည် အရောင်းရဆုံး စာအုပ်တစ်ခုဖြစ်သော The Four-Hour Workweek စာအုပ်ကို ရေးသားခဲ့သူလည်း ဖြစ်သည် ။ သူ၏ ဆောင်းပါးများကို New York Times ၊ the Economist ၊ Time ၊ Forbes ၊ Fortune ၊ Maxim ၊ Wired နှင့် တခြားသော မီဒီယာ အများအပြားတွင် ဖော်ပြခံခဲ့ရသည် ။ Tim ကို Google ၊ MIT ၊  Harvard Business School ၊  PayPal ၊  Ask.com   Prineceton University တို့တွင် ဟောပြောရန် ဖိတ်ကြားခံခဲ့ရသည် ။ သူသည် ဘာသာစကား ခြောက်မျိုးကို ပြောဆိုတတ်ပြီး ကမ္ဘာတစ်ဝန်းရှိ wireless အသုံးပြု၍ ရသောနေရာများမှ နေ၍ နိုင်ငံတကာ ကုပ္မဏီကြီးတစ်ခုကို ကြီးကြပ်ဦးစီးသူ ဖြစ်သည် ။ ထို့ပြင် သူသည် Tango အကပညာဖြင့် Guinness World Record ရရှိထားသူ ဖြစ်သည် ။ ထို့ပြင် တရုတ်နိုင်ငံ ကိုယ်စားပြု လက်ဝှေ့ ချန်ပီယံတစ်ဦးလည်း ဖြစ်သည် ။ ထို့ပြင် တရုတ်ပြည်မကြီး နှင့် ဟောင်ကောင်တို့တွင် ကျော်ကြားသော ရုပ်သံစီးရီး သရုပ်ဆောင် တစ်ဦးလည်း ဖြစ်သည် ။ သူသည် အသက် ၃၀ အရွယ် ရှိပြီ ဖြစ်သည် ။

အမြင်ကျဉ်းမြောင်းသော လူများ၏ ဝေဖန်မှုများ ၊ အကြံပြုမှုများကို လျစ်လျူရှုပါ ။ အထူးသဖြင့် ကောင်းမွန်စွာ ဝေဖန်ထားသော အကြံပြုချက်များကိုပင် လျစ်လျူရှုပါ ။ သင်သည် လူတိုင်းကို စိတ်ကျေနပ်အောင် လုပ်ပေး၍မရပါ ။ ထို့ကြောင့် မကြိုးစားပါနှင့် ။ အထူးသဖြင့် သင့်ကို လက်တွေ့ကျအောင် လုပ်ဆောင်ပေးလိုသူများ၏ အကြံပြုချက်များကို ဖြစ်သည် ။  ထိုသို့ လုပ်ဆောင်ရန် အကောင်းဆုံး အချိန်မှာ သင့်အသက် ၃၀ အရွယ်တွင် ဖြစ်သည် ။

ကျွန်ုပ်သည် လက်ဝှေ့သမား တစ်ယောက်ဖြစ်လာသော အသက် ၁၅ နှစ်အရွယ် တွင် တခြားသူများ၏ မိမိကိုယ်ကို ကန့်သတ်ထားသော ယူဆချက်များကို စတင်မေးခွန်း ထုတ်စ ပြုလာခဲ့သည် ။ မိမိဘာလုပ်သင့်သည် ၊ ဘာလုပ်ရမည် စသည့်အကြံပြုချက်များ ဖြစ်သည် ။ ကျွန်ုပ်သည် လမစေ့ဘဲ မွေးဖွားလာသော ကလေးဖြစ်သည် ။ ထို့ကြောင့် ကျွန်ုပ်၏ ဘယ်ဘက် အဆုတ်မှာ အလုပ်မလုပ်ပေ ။ ကျွန်ုပ်သည် ထိုအဆုတ်၏ သုံးပုံတစ်ပုံ သို့မဟုတ် ထက်ဝက်ခန့်ကိုသာ အသုံးပြုနိုင်သည် ။ ထိုသို့ဖြင့် ကျွန်ုပ်၏ အမောခံနိုင်စွမ်းကို ကန့်သတ်ခံထားရသည် ။

ကျွန်ုပ်၏ ကိုယ်ခန္ဓာသည် လွယ်ကူစွာပင် အပူတက်တတ်သည် ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် အပူများကို ဖြာမထုတ်နိုင်သောကြောင့် ဖြစ်သည် ။ ၎င်းမှာ မည်သည့် အားကစားနည်း မျိုးမဆိုအတွက် မသန်မစွမ်းမှုကို ဖြစ်ပေါ်စေသည် ။

၎င်းကို ထေမိစေရန်အတွက် ကျွန်ုပ်သည် စွမ်းအင်ကို  မြင့်ပေးစေနိုင်သော နည်းဗျုဟာများ ၊ နည်းစနစ်များကိုသာ အာရုံစိုက် လေ့ကျင့်ခဲ့ပြီး သက်လုံကောင်းမှုဘက်ကို သိပ်မလေ့ကျင့်ခဲ့ပေ ။ ထို့ကြောင့် ကျွန်ုပ်သည် အပူလွန်ကဲမှုကို မဖြစ်စေသော နည်းစနစ်များဖြင့်သာ လေ့ကျင့်ခဲ့ပြီး ကျွန်ုပ်၏ ကိုယ်ခန္ခာ အပူချိန်ကိုလည်း အမြဲစောင့်ကြည့်ခဲ့သည် ။ ထို့နောက် ကိုယ်အလေးချိန် နှင့် အရေပြားဧရိယာ အချိုးကိုလည်း စောင့်ကြည့်ထိန်းသိမ်းခဲ့သည် ။

ထို့နောက်တွင် ကျွန်ုပ်သည် အခက်အခဲများကြားမှ ၁၉၉၅ ခုနှစ်တွင် အမေရိကန်ကောလိပ်များ ဆိုင်ရာ လက်ဝှေ့သမား ဖြစ်လာခဲ့သည် ။ ၁၉၉၉ ခုနှစ်တွင် တရုတ်နိုင်ငံ အမျိုးသား လက်ဝှေ့ ချန်ပီယံဆုကို ရရှိခဲ့သည် ။ Guiness World Record အပါအ၀င် တခြားအောင်မြင်မှု အတော် များများမှာ တခြားသူများက အပေါ်ယံကြည့်ရှုကာ သုံးသပ်ချက်များကို မေးခွန်းထုတ်ခဲ့ခြင်းဖြင့်သာ ရရှိလာခဲ့ခြင်းဖြစ်သည် ။

အားကစားတွင်ဖြစ်စေ ၊ စီးပွားရေးလုပ်ငန်းတွင်ဖြစ်စေ ၊ ပေါင်းသင်းဆက်ဆံရေးတွင် ဖြစ်စေ မမှန်ကန်သည့် တရားသေ မူဝါဒများ ပေါများစွာ ရှိနေပါသည် ။ ၎င်းတို့သည် လူအများကြား ပပျောက်ရန်လည်း ခဲယဉ်းလျှက်ရှိသည် ။ ဤတရားသေ မူဝါဒများ ၊ စည်းမျဉ်းများကို လက်တွေ့ ဘ၀၏ စမ်းသပ်မှုကို ခံနိုင်သည် ၊ မခံနိုင်သည် စမ်းသပ်မကြည့်ကြဘဲ လူတစ်ဦး မှ တစ်ဦးသို့ လက်ဆင့်ကမ်း လာခဲ့ကြခြင်းဖြစ်သည် ။ ထိုအယူအဆများကို စမ်းစစ်ကြည့်ရန် လိုအပ်ပါသည် ။ မကြာခဏ စမ်းစစ်ကြည့်ရန် လိုအပ်ပါသည် ။ အချိန်က ၎င်းတို့ကို ပြောင်းလဲစေနိုင်ပါသည် ။ တစ်စုံတစ်ယောက်က သင်သည် တစ်စုံတစ်ခုကို မလုပ်ဆောင်နိုင်ဘူးဟုပြောလျှင် သင်၏ စိတ်ထဲတွင် မေးခွန်းတစ်ခုကို မေးကြည့်ပါ ။ ၎င်းနှင့် ပတ်သက်ပြီး အဆိုးဆုံး ဘာဖြစ်နိုင်မည်နည်း ဟူ၍ဖြစ်သည် ။ အကယ်၍ သင်သည် ဘ၀ကိုပြောင်းလဲပေးနိုင်လောက်သည့် ထာဝရကောင်းကျိုးတစ်ခု ရရှိနိုင်ရန် အတွက် သေးငယ်၍ မပြောပလောက်သော စွန့်စားမှု ၊ ကျရှုံးမှုများကို လက်ခံရယူမည်ဆိုလျှင် စမ်းသပ်လုပ်ဆောင်ကြည့်သည်မှာ သင့်အတွက် အကောင်းဆုံးသာ ဖြစ်သည် ။

New York Times သတင်းစာ၏ အရောင်းရဆုံး စာအုပ်များ စာရင်းသတ်မှတ်ချက် ၊ Wall Street Journal နှင့် Business Week တို့၏ အရောင်းရဆုံး စာအုပ်သတ်မှတ်ချက်များတွင် နံပါတ်၁ နေရာယူနိုင်ခဲ့သော ကျွန်ုပ်၏ ပထမဆုံး စာအုပ်ဖြစ်သည့် The Four-Hour Workweek စာအုပ်ကို သိပ်မကြာသေးသော ဥပမာတစ်ခုအနေဖြင့် ကြည့်ရှုပါ ။ ၎င်းစာအုပ်ကို ထုတ်ဝေသူ ၁၄ ယောက်တွင် ၁၃ ယောက်က ထုတ်ဝေရန် ငြင်းပယ်ခဲ့ပြီး ကျွန်ုပ် စကားပြောဆိုခဲ့သော ပထမဆုံး ကိုယ်စားလှယ် ၄ ဦး၏ ငြင်းပယ်ခြင်းကိုလည်း ခံခဲ့ရသည် ။ ၎င်းစာအုပ် ပထမဆုံး အရာင်းထွက်သောအခါတွင်လည်း အမေရိကန် ပြည်ထောင်စုရှိ အကြီးမားဆုံး အွန်လိုင်းစာအုပ် အရောင်းဆိုင်ကြီး တစ်ခု၏ ဥက္ကဌ နှင့် ကျွန်ုပ် စကားပြောဆိုခဲ့ရပုံကို သတိရမိပါသည် ။ (ယင်းစာအုပ်ဆိုင်များမှာ Amazon.com နှင့် Barnes & Noble စာအုပ်ဆိုင်တို့ မဟုတ်ပေ) ကျွန်ုပ်သည် အရောင်းမြင့်တင်မှုကို အတူတကွ ပြုလုပ်ရန် ကမ်းလှမ်းခဲ့သည် ။ ထို့နောက်တွင် အရောင်းရဆုံး စာအုပ်စာရင်းတွင် ပါဝင်နိုင်စေရန် နှင့် အမျိုးသား ဖြစ်စဉ်တစ်ခု ဖြစ်လာစေရန် လုပ်ဆောင်မည့် ကျွန်ုပ်၏ အစီအစဉ်များကို အသေးစိပ် ရှင်းပြခဲ့သည် ။

သူ၏ တုံ့ပြန်မှုမှာ ရှင်းလင်းပါသည် ။ ကျွန်ုပ်သည် ကျွန်ုပ်၏ မျှော်မှန်းချက်များကို လျော့ချရန်သာ ဖြစ်သည် ။ ထို့နောက်တွင် သူသည် သူ၏ လုပ်ငန်းအလုပ်လုပ်ပုံကို ရှင်းပြရမည်လောဟု ပြောသည် ။ ထို့နောက်တွင် သူသည် New York Times နှင့် Wall Street Journal တို့၏ အရောင်းရဆုံး စာအုပ်စာရင်းဝင် စာအုပ်များ၏ အုပ်ရေကို PDF ဖြင့် ကျွန်ုပ်ထံ အီးမေးလ်ပို့ကာ ရှင်းပြသည် ။ ၎င်းရှင်းလင်းချက်က ဆိုလိုသည်မှာ ကျွန်ုပ်၏ မျှော်မှန်းချက်သည် ဖြစ်မလာနိုင်ဟူ၍သာ ဖြစ်သည် ။ ၎င်းတွင် သူ နှင့် ကျွန်ုပ်၏ စကားပြောဆိုမှု ပြီးဆုံးသွားခဲ့သည် ။

ကျွန်ုပ်သည် သူ၏ စကားကို နားထောင်ခဲ့ပြီး ကျွန်ုပ်၏ မျှော်မှန်းချက်များကို လျှော့ချခဲ့လျှင် ၎င်းမှာ မိမိကိုယ်ကို ကန့်သတ်ထားသော အောင်မြင်မှုသာ ဖြစ်မည် ။ ထိုစာအုပ်သည် ထိုမျှ အောင်မြင်ခဲ့ခြင်း ရှိမည်မဟုတ်ပေ ။ ၎င်းစာအုပ်သည် ယခုတွင် Wall Street Journal အရောင်းရဆုံး စာအုပ်စာရင်းတွင် သီတင်းပတ် ၆၀ ကြာ ဆက်တိုက် တည်ရှိနေနိုင်ခဲ့သည် ။ ထို့ပြင် ဘာသာစကား ၃၀ ကျော်ဖြင့်လည်း ထုတ်ဝေရောင်းချခဲ့ပြီး ဖြစ်သည် ။ ထို့ပြင် offline အသွင်ဖြင့် ကြော်ငြာမှု တစ်ခုမျှ မပြုခဲ့ဘဲ စာအုပ်ထွက်ရှိအပြီး ပထမ သီတင်းပတ် အတွင်းပင် New York Time ၏ အရောင်းရဆုံးစာအုပ် စာရင်းတွင် ပါဝင်နိုင်ခဲ့သည် ။

ကမ္ဘာပေါ်တွင် ထောက်ခံအားပေးမည့်သူများထက် ဝေဖန်ရှုံ့ချမည့်သူများက ပိုမို များပြားပါသည် ။ ထို့ကြောင့် သင်လုပ်ဆောင်မည့် အလုပ်ကို လုပ်ဖူးသူများ၏ စကားကိုသာ နားထောင်ပြီး သုံးသပ်ရှုမြင်သူများ၏ စကားကို နားမထောင်မိရန် အရေးကြီးသည် ။ တစ်စုံတစ်ယောက်သည် အခွင့်အရေးတစ်ခုကို အရမယူမိသည့်အတွက် နောင်တရသည့် အခါတွင် သူတို့နေထိုင်ရ သက်သာစေရန် လုပ်ဆောင်နိုင်သည်မှာ နှစ်ခုရှိပါသည် ။

ပထမတစ်ခုမှာ သူတို့ အောင်မြင်အောင် လုပ်ဆောင်လိုသော အရာများကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် ကြိုးပမ်းအားထုတ်ခြင်း ဖြစ်ပြီး ၎င်းမှာခက်ခဲပါသည် ။

ဒုတိယ တစ်ခုမှာ တခြားသူများကို သူတို့၏ မျှော်မှန်းချက်များ ၊ ကြိုးပမ်းအားထုတ်မှုများကို လျှော့ချစေရန် တိုက်တွန်းခြင်း ဖြစ်သည် ။ ၎င်းမှာ သေးငယ်သော အမြင်ရှိသူများကို ညီမျှသည် သို့မဟုတ် ပို၍ပင်အားသာသည်ဟု ခံစားရစေနိုင်သောကြောင့် ဖြစ်သည် ။

လူအများစုသည် ထူးခြားသော အောင်မြင်မှုကို ရရှိစေရန်ထက် စိတ်ပျက်မှုကို ရရှိရမည်ကို ပိုမိုကြောက်ရွံ့နေကြခြင်း ဖြစ်သည် ။ နယ်ပယ်အမျိုးစုံမှ ထိပ်တန်းအောင်မြင်သူများ အားလုံးတွင် ဘုံသွင်ပြင်လက္ခဏာ တစ်ခုရှိသည် ။ ၎င်းတို့သည် စွန့်စားမှုကို တခြားသူများ နှင့် မတူစွာ အဓိပ္ပါယ် သတ်မှတ်ထားကြသည် ။ စွန့်စားရမှုသည် ပြန်လည်ပြုပြင်၍ မရနိုင်သော အကျိုးဆက်ကို ဖြစ်ပေါ်စေသည်ဟု အဓိပ္ပါယ် သတ်မှတ်နိုင်ပါက အနည်းငယ်သော အရာများသည်သာ စွန့်စားရမှု များများရှိကြသည် ဟုဆိုနိုင်သည် ။ သင်သည် ကိစ္စရပ်များကို မှန်ကန်သော ရှုထောင့်မှ ကြည့်ရှုပါက သင်သည် ရည်မှန်းချက်ကြောင့် ဖြစ်ပေါ်သော အမှားများကို ပြုလုပ်ရန် မက်လုံး ရရှိနိုင်မည်ဖြစ်ပြီး အလဟသ ဖြုန်းတီးပစ်သော အမှားများကို ပြုလုပ်မည် မဟုတ်ပေ ။

ကျွန်ုပ်၏ အထက်တန်းကျောင်းမှ လက်ဝှေ့နည်းပြဖြစ်သော John Buxton သည် ကျွန်ုပ်ကို ထိုသို့သော အတွေးအခေါ်များ ဖြစ်ပေါ်လာစေရန် ကူညီပေးခဲ့သော ဆရာတစ်ဦး ဖြစ်သည် ။ သူသည် ကျွန်ုပ်ကို ဥပမာကောင်းဖြင့် ဦးဆောင်မှု ပြုခဲ့သူဖြစ်ပြီး ပြုလွယ်ပြင်လွယ်ရှိသော မူများ အနည်းငယ်မျှကိုသာ အာရုံစိုက်ပြီး နည်းစနစ်ထောင်ပေါင်းများစွာ အသုံးပြုစရာမလိုဘဲ ကျွမ်းကျင်မှု တစ်ခုကို ရရှိနိုင်ပုံကို ပြသပေးခဲ့သည် ။ Brown University တွင် လက်ဝှေ့သမားအဖြစ် လေးနှစ်ခန့် ကစားခဲ့ရာတွင် သူကျဆုံးဖူးသည်မှာ တစ်ခါမျှ မရှိခဲ့ပေ ။

အဆင့်မြင့် နည်းပညာများဖြင့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင် ဖြစ်သော ကျွန်ုပ်၏ Princeton မှ ပါမောက္ခ Ed Zschau သည်လည်း ဥပမာကောင်းများဖြင့် ကျွန်ုပ်ကို ဦးဆောင်မှုပြုခဲ့သူ တစ်ဦးဖြစ်သည် ။ သူသည်လည်း အယူအဆများကို စမ်းသပ်ကြည့်လိုသူ တစ်ဦးပင်ဖြစ်သည် ။ သူသည် ကွန်ဂရက်လွှတ်တော် အမတ်တစ်ဦးလည်း ဖြစ်သည် ။ IBM အချက်အလက် သိုလှောင်ရေး ကုပ္မဏီ၏ အကြီးအကဲလည်း ဖြစ်သည် ။ Harvard Business School ၏ ပါမောက္ခလည်း ဖြစ်သည် ။ စကိတ်စီးသမားကောင်း တစ်ဦးလည်းဖြစ်သည် ။ သူ၏ လက်ဆွဲဆောင်ပုဒ်မှာ သင့်နည်းသင့်ဟန် အတိုင်းသာ လုပ်ဆောင်ပါဟူ၍ ဖြစ်သည် ။ သူသည် သူ၏ကျောင်းသားများကို လူအများ ဘုံယုံကြည် သိရှိထားကြသော အရာများကို စမ်းသပ်ကြည့်စေရန် တွန်းအားပေးခဲ့သည် ။ သူကပြောဆိုရာတွင် ယင်းဘုံယုံကြည်မှုများသည် များသောအားဖြင့် မှားယွင်းနေပြီး မိမိကိုယ်ကို ကန့်သတ်ထားခြင်းသာ ဖြစ်သည် ဟုဆိုသည် ။

လက်ရှိ ဥပမာတစ်ခုကို ဖော်ပြရမည်ဆိုလျှင် ကျွန်ုပ်သည် အမေရိကန် ပြည်ထောင်စုရှိ အများပြည်သူကျောင်းများကို လုံးလုံးပြုပြင်ပြောင်းလဲပစ် လိုပါသည် ။ အထူးသဖြင့် သချာင်္ နှင့် သိပ္ပံ နယ်ပယ်များတွင် ဖြစ်သည် ။ နောင်လာမည့် ဆယ်နှစ်တွင် အမေရိကန် ပြည်ထောင်စုရှိ သိပ္ပံအဓိက ဘာသာရပ်များကို နှစ်ဆတိုးစေလိုခြင်း ဖြစ်သည် ။ သို့သော် ကျွန်ုပ်ကို ပညာရေး နယ်ပယ်များမှ လူအများစုက (အားလုံးမဟုတ်ပေ) ပြောသည်မှာ ၎င်းသည် မဖြစ်နိုင်ဟူ၍ ဖြစ်သည် ။ သူတို့သည် မှန်ကောင်းမှန်နိုင်ပါသည် ။ သို့သော် ၎င်းအယူအဆကို ယခုထိ မည်သူမျှ မစမ်းသပ်ကြည့်ဖူးသေးပေ ။ ကျွန်ုပ်အတွက်မူ ၎င်းမှာ ကမ္ဘာ နှင့် ချီတွေးတောကာ ဒေသတွင်း လုပ်ရန်ရှိသည်ကို လုပ်ဆောင်ခြင်းမျှသာ ဖြစ်သည် ။ တရုတ်နိုင်ငံသားများ အိန္ဒိယနိုင်ငံသားများကို အနိုင်ယူရန် မဟုတ်ပေ ။ ကမ္ဘာကြီးပေါ်တွင် အရေးပါသော တွေးတောသူများ မွေးထုတ်ပေး နိုင်ရန်သာဖြစ်သည် ။

သင်သည် စီးပွားရေးလုပ်ငန်းတွင် အမြဲတမ်းအောင်မြင်နေမည် မဟုတ်ပေ ။ စီးပွားရေး လုပ်ငန်းတွင် ကျွန်ုပ်ဖန်တီးလိုက်သော ထုတ်ကုန်သည် လုံးဝ မရောင်းရလုနီးနီး ဖြစ်ခဲ့သည် ။ ကျွန်ုပ်၏ အစဦး ရင်းနှီးမြှပ်နှံမှု အားလုံးဆုံးရှုံးသွားခဲ့သည် ။ ၎င်းက ဆိုလိုသည်မှာ ကျွန်ုပ်သည် အရင်းအနှီး ပမာဏ အနည်းငယ်မျှဖြင့်သာ စမ်းသပ်ခဲ့ခြင်း ဖြစ်သည် ။ ထို့ကြောင့် ကျွန်ုပ်ကျရှုံးလျှင်လည်း ၎င်းမှာ မြန်ဆန်သော ၊ တတ်နိုင်သော ကျရှုံးမှုသာ ဖြစ်မည် ။ ထို့ကြောင့် သေးငယ်သော ပမာဏဖြင့်သာ စမ်းသပ်ပါ ။ ထို့နောက်တွင် ကျရှုံးပါစေ ။ ထို့နောက်တွင် အလုပ်ဖြစ်သည်ကို လုပ်ဆောင်ပါ ။ သင်က အလုပ်ဖြစ်မည်ဟု ထင်မြင်ထားသော အရာကို မလုပ်ဆောင်ပါ နှင့် ။ IBM ကုပ္မဏီကြီးကို တည်ထောင်ခဲ့သော Thomas Watson က ၎င်း၏ အောင်မြင်မှုဆိုင်ရာ ဖော်မြူလာကို ပြောပြရာတွင် ၎င်းမှာ အမှန်တကယ် လွယ်ကူပါသည် ။ သင်၏ ကျရှုံးမှုနှုန်းကို နှစ်ဆတိုးလိုက်ပါ ။ သင်သည် ကျရှုံးမှုကို အောင်မြင်မှု၏ ရန်သူအဖြစ် ရှုမြင်နေခြင်း ဖြစ်သည် ။ ၎င်းမှာ အောင်မြင်မှု၏ ရန်သူမဟုတ်ပါ ။ ထို့ကြောင့် သေးငယ်သော စမ်းသပ်မှုများ၏ ကျရှုံးနိုင်သော ပမာဏကိုသာ ကန့်သတ်လိုက်ပါ ။ အောင်မြင်မှုသည် သူ့အလိုလို ရောက်ရှိလာပါလိမ့်မည် ။

အကယ်၍ သင်သည် ကမ္ဘာပေါ်ရှိ တခြားလူများ အားလုံးကို တုံ့ပြန်နိုင်ရန် အတွက် သင်၏ အလုပ်ကို ဒီဇိုင်းဆွဲဖန်တီးနေလျှင် သင်သည် မည်သည့်အရာကိုမျှ အောင်မြင်အောင်လုပ်ဆောင် နိုင်တော့မည် မဟုတ်ပေ ။ ထုတ်လုပ်နိုင်စွမ်းသည် ပုဂ္ဂိုလ်ရေးနှင့်သာ ဆိုင်ပါသည် ။ အောင်မြင်ရန် အတွက် နည်းလမ်းတစ်ခုတည်း ရှိနေခြင်း မဟုတ်ပါ ။ သို့သော် ကျရှုံးမှုနှင့် မပျော်မရွှင်ဖြစ်မှုများ အတွက်မူ တစ်ခုတည်းသော နည်းလမ်းရှိပါသည် ။ ၎င်းမှာ လူတိုင်းကို စိတ်ကျေနပ်စေခြင်း နှင့် လူတိုင်း၏ အလိုကို ချက်ချင်းတုန့်ပြန်ပေးခြင်းသာ ဖြစ်သည် ။ ထိုသို့လုပ်ဆောင်ခြင်းမှာ မဖြစ်နိုင်ပါ။ တခြားသူများ၏ မလိုအပ်သော အရေးကြီး ကိစ္စရပ်များကို သိမြင်နိုင်ပါစေ ။ ထို့နောက် အရာတိုင်းကို ပြောင်းလဲပစ်နိုင်မည့် အောင်မြင်မှုတစ်ခု၊ စီမံကိန်းတစ်ခုကိုသာ အာရုံစိုက်ပါ။ သင်၏ လုပ်ဖော် ကိုင်ဖက် X သည် သင့်အလုပ်စားပွဲသို့ မကြေညာဘဲ ရောက်ရှိလာကာ စကားပြောဆိုတတ်သည် ။ သင်က သင်အလုပ်ရှိကြောင်း ၊ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောဆိုသောအခါ သူက စိတ်ကသိကအောင့် ဖြစ်သွားသည်။ ထိုသို့ လုပ်ဆောင်လိုက်ပါက ဘာဖြစ်နိုင်မည်နည်း ။ သူတို့ စိတ်ကျေနပ်အောင် လိုက်လုပ်ပေးခြင်းဖြင့် သင်သည် သူသာ ဖြစ်သွားနိုင်သည် ။

ကြီးမားသော အပြုသဘောဆောင်သည့် အရာများကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် အတွက် သေးငယ်၍ ဆိုးရွားသောအရာများကို ဖြစ်ပေါ်ခွင့်ပြုနိုင်ပါသည် ။

နယ်ပယ်သစ်တစ်ခုတွင် ရည်မှန်းချက်ကြီးမားသော တစ်ခုခုကို သင်ကြိုးစား လုပ်ဆောင်သော အခါတိုင်းတွင် မအောင်မြင်နိုင်ဟူ၍ ဝေဖန်မည့်သူများ ၊ အတားအဆီး ဖန်တီးမည့်သူများ သင်တွေ့ကြုံနိုင်မည်ကို သတိရပါ ။

ကျွန်ုပ်၏ စာအုပ်ထုတ်ဝေခဲ့စဉ်ကလည်း ကျွန်ုပ်သည် ပညာရေးနယ်ပယ်မှ ထိုသို့သော လူများကို တွေ့ကြုံခဲ့ရခြင်း ဖြစ်သည် ။ မည်သူမျှ သင့်ကို လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပေးမည် မဟုတ်ပါ ။ သင်က သင်လုပ်ဆောင်နိုင်ကြောင်း နှင့် သူတို့၏ သံသယများမှာ မှားယွင်းကြောင်း သက်သေပြရန်သာ ရှိသည် ။

ထိုသို့ လုပ်ဆောင်ရသည်မှာလည်း ပျော်ရွှင်ကြည်နူးဖွယ် အလုပ်တစ်ခု ဖြစ်ပါသည် ။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။